စာရေး ဆရာကြီး သော်တာဆွေ၏ အကြောင်းကို သိကြသူများ အတော်များများ ရှိကြပါသေးသည်။
ဆရာကြီးက သတ္တိနှင့် ပတ်သက်ပြီး ဤသို့ ပြောပြခဲ့ဖူးလေသည်။

“ သတ္တိနဲ့ပတ်သက်ပြီး ဆရာကြီး ရွှေဥဒေါင်းက ငါ့ကို ပြောပြဖူးတယ်။ အဲဒီ ကတည်းက သတ္တိရဲ့ အဓိပ္ပါယ်ကို ငါသိနေခဲ့တာ။ အဲဒါကြောင့် ပကတိသတ္တိအစစ်ဆိုတာ ဘာလဲဆိုတာကို ငါ သိနေခဲ့တာလေ။ ”

ဆရာကြီး ရွှေဥဒေါင်းက ဘာပြောသလဲဆိုတော့

“ ဟေ့၊ သတ္တိရှိတယ်ဆိုတာ ရန်ဖြစ်ရဲတာ၊ ထိုးရဲတာ၊ တိုက်ရဲတာ၊ ခုတ်ရဲတာကို သတ္တိရှိတယ်လို့ ခေါ်တာမဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် နှိမ်နင်းနိုင်တဲ့ သူကိုမှ သတ္တိရှိတယ်ခေါ်တာ။ အခုလို အေးချမ်းဆိတ်ငြိမ်တဲ့ မနက်ခင်းကလေးမှာ ဇိမ်ရှိရှိနဲ့ အရမ်းအိပ်ကောင်းတယ်ဆိုတာ ငါသိတာပေါ့။ အဲဒီလို ဇိမ်ရှိတဲ့၊ ကောင်းတဲ့ နှစ်သက်စရာလေးတွေကို ဖျက်နိုင်မှသတ္တိကွ။ အဲဒါမှ တကယ့်သတ္တိရှိသူလို့ခေါ်ပြီး အစစ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာမှာ ” ..... တဲ့

အဲဒါ ဆရာကြီး ရွှေဥဒေါင်း ပြောပြတဲ့ သတ္တိပဲ။ ငါဟာ ဆရာကောင်းနဲ့တွေ့ခဲ့ပြီး အဲဒီ ဆရာကောင်း အမွေပေးခဲ့တဲ့ သတ္တိဆိုတာကို နားမဝေးခဲ့တာကြောင့် အောင်မြင်တဲ့ စာရေးဆရာကြီး တစ်ယောက် ဖြစ်နေခဲ့တာပေါ့ ... ။

ဆရာသော်တာဆွေ၏ သတ္တိ
သုဝဏ္ဏကျော်စိန်
မတ်လ 29 ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်မှ ...