ချစ်ခြင်း၏ အရှင်သခင်
ကျွန်ုပ် တိုင်တည်ပါရစေ …

အသင် ထည့်ပေးထားခဲ့သော
ကျွန်ုပ်၏ ရင်ဘတ်တွင်းမှ
အသင်၏ ကျေးကျွန်များအား
ပြန်လည် ခေါ်ငင်လှည့်ပါ …

အသင် အသက်သွင်းခဲ့သော
ကျွန်ုပ်၏
ရင်ခုန်သံ ယန္တရားအား
လာရောက် ရပ်တန့်ပေးလှည့်ပါ …

အသင် တည်ဆောက်ပေးခဲ့သော
ကျွန်ုပ်၏ အိပ်မက် ကမ္ဘာအား
ပြန်လည် ဖျက်ဆီးပစ်လှည့်ပါ …





အသင် ယူဆောင်သွားခဲ့သော
ကျွန်ုပ်၏ ညများစွာကိုလည်း
ပြန်လည် အသက်သွင်းလှည့်ပါ …

အသင် တပ်ဆင်ပေးခဲ့သော
ကျွန်ုပ်၏ ကဗျာရေးတတ်သည့် လက်ကိုလည်း
ပြန်လည် သိမ်းဆည်းလှည့်ပါ …

အို … သခင်
အပင်များ
အစိမ်းရောင် သမ်းနေခြင်းသည်
သဘာဝ အလှစစ်ပင် မဟုတ်ပါလော …

အို … သခင်
ကျွန်ုပ်၏ ရင်တွင်းအား
ဝင်ကြည့်လှည့်ပါ
ထိုအပင် အားလုံးတို့သည်
ညိုမှိုင်းသောအသွင်
ဆောင်နေလေရဲ့ …

ကောင်းကင်တွင်
လမ်းလျောက်နေရသော်လည်း
ကျွန်ုပ်၏ ဦးခေါင်းထက်၌
အဘယ်ကြောင့် မြေကြီးသည်
တည်ရှိနေဘိသနည်း …

အို … သခင်
မျက်ရည်တို့ဖြင့် ပြည့်လျှံနေသော
ကျွန်ုပ်၏ မျက်ဝန်းအစုံသည်
အရာရာကို ဝေဝါးစေခဲ့ပြီးလား
သို့တည်းမဟုတ်
ကျွန်ုပ် တစ်ကိုယ်လုံးပင်
ချားရဟတ်ကဲ့သို့ လည်နေပြီလား
ကျွန်ုပ် မဝေခွဲတတ်တော့ …

အို …
ချစ်ခြင်း၏ အရှင်သခင်
အသင် ဖန်ဆင်းခဲ့သော
အချစ်၏ မီးသည်
ကျွန်ုပ်အတွက်
နွေးထွေးစေရုံထက် ပိုခဲ့ပြီ
ကျွန်ုပ် တစ်ကိုယ်လုံးအား
ဝါးမြိုနေပါပြီကော …

အို … သခင်
ကျွန်ုပ် ဒူးထောက်အပ်ပါသည်
အသင် ပစ်ခဲ့သော မြှားချက်အား
အသင်ပင် နုတ်ယူလှည့်ပါလော့ …………..။

By - မဟာရာဇာ အံစာတုံး | မောင်ရွာ | ရေပုလင်း
==================================