အကယ်၍သာ …
ယခုအချိန်တွင် သေဆုံးသွားခဲ့ပါရင်
ကျွန်ုပ်အတွက် ..
ငိုကြွေးမည့်သူ မည်သူရှိမည်နည်း ..
ကျွန်ုပ်အား ..
တမ်းတမည့်သူ မည်သူရှိမည်နည်း …

ကျွန်ုပ်၏ အသုဘအား
စိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ
မည်သူ ရှိမည်နည်း …
ကျွန်ုပ်အတွက် ငွေတစ်မတ်
မည်သူ ထည့်ပေးပါမည်နည်း …

ကျွန်ုပ်၏ နောက်ဆုံးခရီးအား
လိုက်ပါပို့ပေးမည့်သူများမှာ မည်သူတို့ ဖြစ်မည်နည်း
ကျွန်ုပ်အတွက် စာတိုပေစ
ဘယ်သူက ရေးမည်နည်း …
ကျွန်ုပ်၏ အမည်အား
မည်သူက မှတ်တမ်းထားမည်နည်း ..



ကျွန်ုပ်အတွက် မည်သူက
အမျှပေးဝေမည်နည်း …
ကျွန်ုပ်အတွက် ရက်လည်ဆွမ်းသွပ်
မည်သူက ပြုလုပ်ပေးမည်နည်း …

အကယ်၍သာ …
သေလွန်ပြီး တစ်နှစ်ခန့်ကြာသည့်အခါ …
မည်သူက ကျွန်ုပ်အတွက်
အမှတ်တရ ဖြစ်နေမည်နည်း …
မည်သူက မှတ်မှတ်ရရ
ကုသိုလ်တွေ ဝေမျှပါမည်နည်း …

__________________________

အကယ်၍သာ …
သေလွန်ပြီးနောက် …..
ကံမကောင်း အကြောင်းမလှ၍
တိရစ္ဆာန် ဘုံဘဝ ရောက်ခဲ့ရပါက
အသားစား သတ္တဝါ
မဖြစ်ပါရစေနဲ့ …

အကယ်၍သာ …
ပြိတ္တာဘဝသား ဖြစ်ရပါကလည်း
ရဟန်းသံဃာနဲ့ နီးရာ
ခိုကပ်စားရသူသာ ဖြစ်ရပါစေ …

အကယ်၍သာ …
အသူရကာယ် သံသရာ
ကျင်လည်ရပြန်ကလည်း
နေ့စံသည့်အချိန်
ကောင်းမှုပြုနိုင်ပါစေ …

အကယ်၍သာ …
ငရဲအိုးမှာ တိုးဝှေ့ရပါကလည်း
ပြုခဲ့သည့် အပြစ်တို့ ကျေစေ …
ငရဲအိုးမှ တက်ရပါက
နိဗ္ဗာန်ကို မျက်မှောက်ပြုရသူ ဖြစ်ပါစေ …

အကယ်၍သာ …
နတ်ပြည်ဗိမ္မာန် စံမြန်းရပါက
ဥယာဉ်စခန်းမှာသာ အချိန်မကုန်ရ
တရားသဘင်မှာ ပျော်ရွှင်ရသူသာ
ဖြစ်ရပါစေ …

အကယ်၍သာ …
နတ်တို့၏မင်း သကြားမင်း
ဖြစ်ခဲ့ပါကလည်း
လူ့ဘုံကို ဆောင်မ
သာသနာ ထွန်းပအောင်
တွန်းအားပေးတတ်သူသာ ဖြစ်ရပါစေ …

အကယ်၍သာ …
ဈာန်အရာကြောင့်
ဗြဟ္မာဘဝ ရောက်ခဲ့ပါက
မေတ္တာ၊ ဂရုဏာ လွမ်းခြုံကာနဲ့
အေးချမ်းတဲ့ဓါတ်တွေ
သာသနာကို ဖြန့်ကြက်နိုင်ပါစေ …

အကယ်၍သာ …
လူ့ဘုံဘဝ ပြန်ရပါက
ဝိနည်းနဲ့ညီ
ရာဂမီးကို ငြိမ်းသတ်
ကိလေသာတောမှ ရုန်းထွက်
အဆုံးမသတ်တဲ့
သံသရာ ချားရဟတ်ကိုလည်း ရပ်
ရဟန်း အဖြစ်ကို ရည်မှန်းလျှက်
ကြည်သန့်တဲ့ အဖြစ်ကိုသာ
မျှော်တွေးမိပါတော့သတည်း …………………… ။

By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း
==========================