ချစ်ခြင်းမေတ္တာဆိုတာ
တစ်ခါတစ်လေ နတ်ရေးတဲ့ပန်းချီလိုပါပဲ …
ပျော်ရွင်၊ ကြည်နူးစရာတွေနဲ့ လှပလို့ နေတတ်ပါတယ် ..

တစ်ခါတစ်လေတော့လည်း
ဆက်မရေးဘဲထားတဲ့ ၀တ္ထုကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရသလိုပါပဲ ..
ရင်ထဲမှာ ဟာတာတာနဲ့ ကျန်ရစ်နေတတ်တယ်လေ ..

ရင်ထဲမှာ အရင်နဲ့မတူတဲ့ ခံစားမှုတွေ ပြည့်နှက်လာတိုင်း မျက်ရည်ဝိုင်းရတယ် ..
ဝင်းလဲ့တောက်ပတဲ့ မျက်ဝန်းအစုံက ပစ်လွှတ်လိုက်တဲ့ အမုန်းရဲ့မြှားတစ်စင်းဟာ
နှလုံးသားမှာ အခုထိ စွဲမြဲနေတုန်းပဲ ..
အချစ်များ ပေါက်ဖွားရှင်သန်ရာ ဒီမျက်ဝန်း ဒေသဟာလည်း ပုတ်သင်လို အရောင်ပြောင်းတတ်တာပဲ ..
သူပျော်မယ်ဆို ဆန္ဒတွေကို ဘေးဖယ်လို့ သူ့ရဲ့အလိုအတိုင်း အမြဲတမ်း ခေါင်းညိတ်တတ်ခဲ့ပေမယ့်
သူ့ဘက်ကတော့ ပြောင်းလဲတတ်ခဲ့တယ်လေ ..



“ ကြေကွဲမှု အပေါင်းကို လေထဲမှာ စုဆောင်းနေတဲ့ ဥသြငှက်လေးတွေရဲ့
ဝမ်းနည်း ကဗျာသံစဉ်တွေက လမ်းခွဲ ရာဇသံတွေလား” … တဲ့

နွေဦးမှာ လမ်းခွဲခဲ့ရဖူးတဲ့ ဒီဇာတ်လမ်းလေးကို ပြန်တွေးမိတိုင်း ဟာတာတာ ရင်ခွင်ဟာ မညှာမတာ
ရင်နင့်စေတတ်ခဲ့သူကို တမ်းတလွမ်းဆွတ်တတ်ပေမယ့်လည်း လက်တွေ့မကျတဲ့ ရင်ထဲက ခံစားမှုတစ်ခုပါပဲ ..

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုပေမယ့်
အချစ်ဆိုတာ ချစ်တတ်သူ အတွက်သာပဲလေ ..
ကျန်တဲ့ လက်ဝါးတစ်ဖက်နဲ့ ရင်ထဲက ချစ်တတ်လွန်းတဲ့ နှလုံးသားကို တီးခတ်ရင်း
သူ့ကို မမုန်းတတ်၊ မမေ့တတ်ခဲ့တာဟာ အပြစ်ဆိုစရာလား …

သီအိုရီတွေကပဲ မှားယွင်းတာလား …
ခံစားချက်ကပဲ ပြင်းထန်တာလား …
ဒါတွေကို သေချာမသိပေမယ့် သူ့အကြောင်းတွေ ပြန်တွေးမိတိုင်း
တိတ်တိတ်လေး မျက်ရည်ဝိုင်းရတယ် …

သူငယ်ချင်းတွေကတော့ ဒီလိုဆိုကြတယ် ..
“ အရူးတစ်ယောက်လိုပါပဲ ” … တဲ့လေ ……… ။


By - မဟာရာဇာ အံစာတုံး|မောင်ရွာ|ရေပုလင်း
==========================