လေတွေက တိုက်လွန်းတယ်
ငါ့နားတွေ အူနေရဲ့ …
ဘာသံမှမကြား
သူ့စကား မှတစ်ပါး …..

မြေကြီးလည်း ရွဲရွဲစို
တိမ်တိုက်တွေ ငိုနေတာမဟုတ်
တဖြုတ်ဖြုတ်နဲ့ ကြွေကျလာ
မျက်ရည်ဆိုတဲ့ အက္ခရာ
မွေးဖွားလာတဲ့
ပွဲမဟာပါပဲ ….

အနီရောင်ရင့်ရင့်
နှင်းဆီတစ်ပွင့်ရဲ့ အလှတရား
ငါ့အတွက် ခါးသက်လေရော့သလား
ထားရက်သူအတွက် နှလုံးသား
ဓါးထက်ထက်နဲ့
ဆုံးပါးအောင် စီရင်လိုက်ချင်ရဲ့
ဒီအပင်စိုက်ခဲ့တာဟာ
အသီးကို လိုချင်လို့မဟုတ်
အရိပ်အောက်
အတူခိုချင်ရုံ သက်သက်ပါ ….


ကြယ်ရောင်စုံတဲ့ လမိုက်ည
ငါ ဦးခိုက်ရမှာလား
ဦးတိုက်ရမှာလား
ဟင့်အင်း ရူးမိုက်ရာကျလွန်းတယ်
လမင်းမှ မသာဘဲနဲ့
သူ မပါတော့တဲ့ အနာဂါတ်ဟာလည်း
ဘယ်လိုလုပ်
ပြီးပြည့်စုံနိုင်တော့မှာလဲ ….

ပြတင်းတံခါးကိုဖွင့်ထားလို့
အရာရာ မြင်နိုင်မယ်ဆိုရင်
လုံခြုံစွာ စေ့ထားပါရစေ
တစ်ခါတစ်လေ
ဘာမှမဖြစ်သလိုနေတာ
အကောင်းဆုံးလို့ ထင်မိတယ် …

မိုးတွေချုံးတိုင်း
အရင်လို မကြောက်ရွှံ့ချင်တော့ဘူး
မိုးရေပေါက်တွေကိုလည်း
အရင်လို မတမ်းတချင်တော့ဘူး
ဥပေက္ခာ … တဲ့
ရင်ထဲက ရူးမိုက်တဲ့နှလုံးသားကို
အခုချိန်ကစပြီး
ဒီတရားနဲ့ ကုစားတော့မယ် …….. ။


By - မဟာရာဇာ အံစာတုံး|မောင်ရွာ|ရေပုလင်း
==========================