တစ်နေ့သ၌ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးကြီးအနီး လူစည်ကားလှသော လူသွားစင်္ကြန်၏ တစ်ခုသောနေရာတွင် စုတ်ချာလှသော အဝတ်အစားတို့အား ဝတ်ဆင်ထားပြီး ဖွာလန်ကြဲနေသော ဆံပင်တို့ဖြင့် တန်ဆာဆင်အပ်သော သူတောင်းစားကြီးတစ်ဦးသည် ချေးအထပ်ထပ် ညစ်ပေကာ ပိန်ရှုံ့လျက်ရှိသော ဒန်ဖလားတစ်လုံးအား ရှေ့သို့ချ၍ မျက်နှာငယ်လေးဖြင့် တောင်းရမ်းနေလျက် ရှိသည်ကို တွေ့ရလေ၏။

၎င်း၏ အနီးတွင်လည်း ချိုင်းထောက်တစ်ခုအား ထောင်ထားသည်ကို တွေ့ရလေ၏။ အဆိုပါ ချိုင်းထောက်တွင် အဝတ်စများဖြင့် စည်းနှောင်ထားသော နေရာများစွာကို မြင်တွေ့ရလေ၏။ ယင်းအချက်ကို ထောက်ဆ၍ သူတောင်းစားကြီးသည် ချိုင်းထောက် အသစ်မဝယ်နိုင်သောကြောင့် ကျိုးနေသော နေရာများအား အဝတ်စများဖြင့်သာ ပတ်ချည်၍ အသုံးပြုနေရဟန် တူလေ၏။ သူတောင်းစားကြီး၏ အနီးတွင်လည်း ခပ်ချာချာ အဝတ်များအား ဝတ်ဆင်ထားသော အသက် (၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုလည်း တွေ့ရလေသည်။

"သနားကြပါ ခင်ဗျာ၊ ကျွန်တော့်သားလေး ထမင်းမစားရသေးလို့ ထမင်းဖိုးလေးများ သနားကြပါ ခင်ဗျာ"

ဟု သူတောင်းစားကြီးသည် လမ်းသွားလမ်းလာများအား မျက်နှာငယ်လေးဖြင့် ကြည့်ကာ တောင်းရမ်းလေ၏။ ၎င်း၏ သားလေးမှာလည်း -

"အကိုကြီး၊ အမကြီးတို့ရယ် … ထမင်းဖိုးလေးများ သနားကြပါ ခင်ဗျာ"

ဟု ခပ်ပျော့ပျော့ အသံလေးဖြင့် တစာစာ တောင်းရမ်းနေလေ၏။

အချို့သော လူများသည် သူတောင်းစားသားအဖတို့အား သနားသောအားဖြင့် မိမိတို့ အိတ်ထဲမှ ပိုက်ဆံအကြွေလေးများအား သူတောင်းစားကြီး၏ ရှေ့ရှိ ဒန်ဖလားစုတ်ကြီးထဲသို့ ထည့်သွားကြလေ၏။ အချို့သော လူများကမူ မိမိတို့ဇောနှင့်မို့ သူတောင်းစား သားအဖတို့အား သတိပင် မမှုမိကြပါပေ။


အချို့အချို့သော လူများကမူ သူတောင်းစားကြီး၏ ရှေ့မှ ဒန်ဖလားစုတ်အား ခြေဖြင့် ခတ်၍သွားသည်ကို တွေ့ရလေ၏။ ထိုအခါမျိုး၌ ကလေးလေးသည် အဝေးသို့လွှင့်သွားသော မိမိတို့၏ ထမင်းအိုးကြီးအား ပြေးကောက်ရလေ၏။ ခြေဖြင့် တိုက်သွားကြလေသော လူတို့ကမူ နောက်သို့တစ်ချက်မျှသာ စောင်းကြည့်ပြီး မိမိတို့ ခရီးအား ဆက်သွားကြမြဲသာ ဖြစ်ပေ၏။ ယင်းနေရာတွင် သူတောင်းစား သားအဖ မဟုတ်ပါဘဲ သူဌေးကြီး သားအဖသာ ဖြစ်ခဲ့ပါမူ ၎င်းတို့သည် ပြာပြာသလဲ လာရောက်၍ တောင်းပန်လိမ့်မည်ဟု ထင်မိလေ၏။

သူတောင်းစား သားအဖ တောင်းရမ်းနေသော အချိန်မှာ နေ့ခင်းပိုင်း ဈေးဆိုင်အချို့ ရပ်နားထားသော အချိန်ဖြစ်လေ၏။ ယင်းအချိန်မှ စတင်၍ တောင်းရမ်းလာရာမှ ညနေခင်း ဈေးဆိုင်များ ပြန်လည် ခင်းကျင်ချိန်အထိပင် ဖြစ်လေ၏။

"လူလေး … အဖေတို့ ဘယ်လောက်ရပြီလဲ ကြည့်စမ်းပါဦးကွာ၊ ပိုက်ဆံပြည့်ရင် အဖေတို့ ထမင်းသွားစားကြရအောင်၊ လူလေးလည်း အတော်ဆာနေပြီ မဟုတ်လား၊ အဖေလည်း ဆာနေပြီကွာ၊ အင်းလေ … မနက်ကတည်းက ငှက်ပျောသီးလေး တစ်လုံးစီပဲ စားထားကြတော့ ဆာမှာပေါ့"

ဟု သူတောင်းစားကြီးမှ ဆိုလေရာ ကလေးသည် ဒန်ဖလားစုတ်ကြီးအတွင်းမှ တောင်းရမ်း ရရှိထားသော ပိုက်ဆံအကြွေများအား လမ်းဘေးဈေးသည်များထံမှ သင်ယူတတ်မြောက်ထားသော သင်္ချာနည်းဖြင့် ရေတွက်လေ၏။ ယင်းသို့ ရေတွက်နေသည့် အခိုက်တွင် ၎င်းတို့၏ ရှေ့သို့ ဆိုက်ကားတစ်စီး လာရောက် ရပ်တန့်လိုက်သည်ကို တွေ့ရလေ၏။

ဆိုက်ကားပေါ်တွင် ကုန်ပစ္စည်းများအား ဆာလာအိတ်များဖြင့် တင်ဆောင်လာပြီး အရှေ့ထိုင်ခုံတွင်မူ မျက်နှာပေါက် ခပ်ဆိုးဆိုးဖြင့် ခပ်ဝဝ မိန်းမကြီးအား တွေ့ရလေ၏။ အဆိုပါ မိန်းမကြီးသည် သူတောင်းစား သားအဖအား မြင်တွေ့သွားသောအခါ ဆိုက်ကားပေါ်မှ ဆင်းလာပြီး ခါးကိုထောက်လျက် ဒေါသတကြီး အော်ဟစ်လေ၏။

"အမလေး … လေး .. အရပ်ကတို့ရဲ့ …။ မအေးရဲ့နေရာမှာ သူတောင်းစား သားအဖက စီးပွားဖြစ်နေကြပါပေါ့လား၊ ကြည့်စမ်းပါဦး … ကြည့်စမ်းပါဦး … မအေး ဝယ်ထားတဲ့နေရာမှာ မိန့်မိန့်ကြီးတွေထိုင်ပြီး ပိုက်ဆံတွေ ရေနေလိုက်ကြတာ၊ ဒီနေ့အဖို့တော့ မအေး လာဘ်ပိတ်ပါပြီတော့၊ ဟဲ့ … သူတောင်းစားတွေ … သွားကြ … သွားကြ … ဒါ ငါ့နေရာဟဲ့"

ဟု မအေး ဆိုသည့် ဈေးသည်မိန်းမကြီးမှ အော်ဟစ်လိုက်သောအခါ သူတောင်းစား သားအဖသည် ကြောင်၍ ကြည့်နေကြလေ၏။

"ဟဲ့ … သေနာ သူတောင်းတွေ၊ သွားကြလို့ ပြောနေတာ ကြားလား၊ ဒါ ငါ့နေရာဟဲ့၊ သွားကြ … သွားကြ"

ဟု ထပ်မံ အော်ဟစ်ပြန်လေ၏။

၎င်းတို့အနီးမှ ဖြတ်သန်းသွားကြသော လမ်းသွားလမ်းလာများမှာ ထိုအဖြစ်အပျက်အား ကြည့်ရင်းဖြင့် အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောဆိုကြလေ၏။ သို့ရာတွင် ဈေးသည် မိန်းမကြီး၏ အော်ဟစ်ပုံကို ကြည့်၍ ကျယ်ကျယ်ဝေဖန်ခြင်းငှာ မဝံ့ကြဘဲ တိုးတိုးသက်သာ မိမိတို့ဘာသာ ဝေဖန်ပြောဆိုကြခြင်းသာ ဖြစ်ချေ၏။ ၎င်းတို့နားတွင် ရပ်၍လည်း မနေဝံ့ကြဘဲ ခပ်ဝေးဝေးသို့သာ ရှဲ၍ သွားကြလေ၏။ အနီးအပါးမှ ဈေးသည်များမှာမူ မအေးဆိုသည့် ဈေးသည် မိန်းမကြီး၏ အကြောင်းကို သိထားခြင်းကြောင့် ၎င်းတို့အဖြစ်အပျက်အား အထူးအဆန်းလုပ်ကာ ကြည့်ရှုမနေဘဲ မိမိတို့ဈေးကိုသာ ရောင်းချနေကြလေ၏။

"ဟုတ် .. ဟုတ် .. ဟုတ်ကဲ့ … သွားပါ့မယ် ခင်ဗျာ၊ သွားပါ့မယ်၊ လူလေး .. အဖေ့ကို ချိုင်းထောက်လေး ပေးပါဦး"

ဟု သူတောင်းစားကြီးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလေ၏။ ထိုအခါ ဈေးသည် မိန်းမကြီးမှာ ရုတ်တရက် အကြံပေါ်လာသည့်ဟန်ဖြင့် -

"နေဦး … နေဦး၊ နင်တို့တွေ နောက်အခါ ငါ့နေရာမှာ တောင်းစားလို့မရအောင် ဈေးကောက်ကို တစ်ခါတည်း တိုင်ပြီး မောင်းထုတ်ပစ်ရမယ်"

ဟု ဆိုကာ ဈေးအတွင်းသို့ ခပ်သုတ်သုတ် လှမ်းသွားလေ၏။

သူတောင်းစားကြီးလည်း အခြေအနေ မဟန်တော့မှန်း ရိပ်မိသည့် လက္ခဏာဖြင့် -

"လူလေး .. အဖေ့ကို ချိုင်းထောက် မြန်မြန်ပေးပါကွ၊ အဖေတို့ သွားရအောင်၊ ဟိုမိန်းမကြီး ပြန်လာရင် မလွယ်ဘူးကွ"

ဟု ဆိုကာ ၎င်း၏ သားမှ လှမ်းပေးသော ချိုင်းထောက်စုတ်ကြီးအား ယူရင်း နေရာမှ ထလေ၏။ ယင်းနောက် ထိုနေရာလေးမှ သွားရန်ဟန်ပြင်လိုက်လေ၏။ ယင်းအခိုက်တွင်ပင် မိန်းမကြီးနှင့်အတူ ညှင်းတိုးတိုးနိုင်လှသော လူတစ်ယောက်ပါလာပြီး ၎င်းတို့အား တားဆီးလိုက်လေ၏။

"ဟေ့ကောင် … သူတောင်းစား အစုတ်ပလုတ်၊ မင်းက မအေးနေရာမှာ လာတောင်းစားနေတယ်ဆိုကွ၊ ဒီနေရာမှာ တောင်းပဲ တောင်းတောင်း၊ ရောင်းပဲရောင်းရောင်း ငါ့ကို အခွန်ဆက်ရတယ်ဆိုတာ မင်း မသိဘူးလား"

ဟု ညှင်းတိုးတိုးနှင့် လူမှ ငေါက်ငေါက်ငမ်းငမ်း ပြောလေရာ သူတောင်းစားကြီးမှ သနားစဖွယ် မျက်နှာဖြင့် -

"မသိလို့ပါ ခင်ဗျာ၊ ကျွန်တော်တို့ ထမင်းဖိုးလေး မရှိလို့ တောင်းစားနေတာပါ ခင်ဗျာ"

ဟူ၍ ဆိုလေ၏။ ထိုအခါ ဈေးသည် မိန်းမကြီးမှ အော်ပြန်လေ၏။

"အောင်မလေး … မသိလို့ ဆိုတိုင်းသာ ခွင့်လွှတ်ရရင် ငါ့ယောက်ကျား ဖေတင် မယားငယ်နောက် ပါသွားတာ ကြာလှပြီ။ ဟဲ့ … ဖေတင် … ဘာလုပ်နေရာလဲ … ဒီသူတောင်းစားတွေကို မောင်းထုတ်ပစ်စမ်း"

ဟု ဈေးသည်မိန်းမကြီးမှ အော်လိုက်လေရာ ဆိုက်ကားသမားလည်း သူတောင်းစား သားအဖတို့အား လက်ညှိုးထိုးကာ ပြောလေ၏။

"သူတောင်းစားတွေ၊ နောက်အခါ ဒီနေရာမှာ လာပြီး တောင်းမစားကြနဲ့၊ တွေ့လို့ကတော့ အသေသတ်ပစ်မယ်၊ ကြားလား၊ သွားကြ"

သူတောင်းစား သားအဖမှာမူ ထိုသူတို့အား ကြောက်ကြောက်လန့်လန့် မျက်နှာငယ်လေးဖြင့်သာ ကြည့်နေရရှာလေ၏။ သူတောင်းစားကြီးမှာ မသိ၍ တောင်းမိသည့်အကြောင်း ထပ်ကာထပ်ကာ တောင်းပန်၍ နေလေ၏။ ကလေးလေးမှာလည်း ၎င်းဖခင်၏ နောက်တွင် မိမိကိုယ်ကို ကွယ်ဝှက်၍ မျက်ရည်လေးအဝိုင်းသားဖြင့် ထိုလူစုအား ကြည့်၍ နေရှာလေ၏။

ဆိုက်ကားသမားမှ အော်ဟစ်လိုက်သောအခါ သူတောင်းစား သားအဖလည်း ထိုနေရာလေးမှ ထွက်ခွာသွားလေ၏။ ထိုအခါ ညှင်းတိုးတိုး လူမှ -

"နေဦး .. နေဦး .. ငါ ပြောစရာရှိသေးတယ်"

ဟု ဆိုကာ သူတောင်းစား သားအဖတို့အား တားလိုက်လေ၏။ ပြီးနောက် ညှင်းတိုးတိုးနှင့် လူမှာ သူတောင်းစား သားအဖနား ကပ်၍ သွားပြီးလျှင် ၎င်း၏ မွဲခြောက်ခြောက် မျက်လုံးများဖြင့် ကြည့်ကာ -

"ဒီမှာ သူတောင်းစား၊ ဒီနယ်တစ်ဝိုက်ဟာ ငါ့နယ်ပဲ …၊ ငါ့ အမိန့်မရဘဲ တောင်းစားဖို့ မစဉ်းစားကြနဲ့၊ ကြားလား"

ဟု မာန်မဲ၍ ပြောလိုက်လေရာ သူတောင်းစားကြီးမှလည်း ပြာပြာသလဲ "ဟုတ် .. ဟုတ်ကဲ့" ဟူ၍ ပြောလေ၏။

"အေး … နောက်အခါ မင်းတို့ကို ဒီမှာ မမြင်ချင်ဘူး။ မြင်လို့ကတော့ တစ်ခါတည်း ထောင်ထဲ ထည့်ပစ်လိုက်မယ် ဘာမှတ်နေလဲ"

ဟု ညှင်းတိုးတိုးနှင့်လူမှ ပြောလေရာ သူတောင်းစားကြီးမှာ "ဟုတ်ကဲ့" ဟူ၍သာ ပြောနေရလေ၏။

"ဒီနေရာမှာ တောင်းတောင်း၊ ရောင်းရောင်း ငါ့ကို တစ်ဝက်ပေးရတယ်၊ ပေးစမ်း မင်းတို့ပိုက်ဆံ"

ဟု ပြောပြောဆိုဆို ညှင်းတိုးတိုးနှင့် လူမှာ ကလေးလေး လက်ထဲမှ တောင်းရမ်း၍ ရရှိထားသော ငွေများအား ထည့်ထားသည့် ဒန်ဖလားအစုတ်လေးအား လုယူလိုက်လေ၏။ ယင်းနောက် ပိုက်ဆံများအား ရေတွက်ကာ တစ်ဝက်တိတိ ယူလိုက်လေ၏။ အမှန်မှာ တစ်ဝက်တိတိ ဆိုသော်လည်း တစ်ဝက်ထက် ကျော်လွန်လေ၏။ ယင်းသို့ သူတောင်းစားများ၏ လက်အတွင်းမှပင် အမြတ်ထုတ်ချင်သော အဆိုပါ ညှင်းတိုးတိုးနှင့်လူ၏ စိတ်ဓါတ်မှာ ရွံရှာဖွယ် ကောင်းလှလေတော့၏။

ယင်းအခိုက်တွင် ၎င်းတို့အနီးတို့ ပြောင်လက်နေအောင် တိုက်ချွတ်ထားသော အနက်ရောင် ကားကြီးတစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီးလျှင် ညှင်းတိုးတိုး လူအား တိုက်မိလေ၏။ ယင်းအနီးအနားမှ လူများပင် "ဟာ … ဟင်" ဟူ၍ ဖြစ်ကုန်ကြလေ၏။ ကား၏ ရုတ်တရက် ဘရိတ်အုပ်လိုက်သံ ဖြစ်သည့် "ကျွီ …" ဟူသော အသံကြီးမှာလည်း ပဲ့တင်ထပ်၍ သွားလေတော့၏။

သို့ရာတွင် ကံကောင်းသည်ဟုပင် ဆိုရပေမည်။ အနက်ရောင် ကားကြီးသည် ညှင်းတိုးတိုးနှင့် လူအား တိုက်မိတိုက်ခင်လေးမှာပင် ဘရိတ်အုပ်နိုင်ခဲ့လေသည်။ ညှင်းတိုးတိုးနှင့် လူမှာလည်း ကြောက်လန့်လွန်း အားကြီးကာ ကြက်သေသေဖြင့် ကားကြီးအား ကြည့်နေလေ၏။ အနီးပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများ၊ ဈေးသည်များ၊ ဈေးသည်မိန်းမကြီး လင်မယားနှင့် သူတောင်းစား သားအဖတို့မှာ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေအောက်တွင် အာမေဋိတ်သံများစွာဖြင့် ညှင်းတိုးတိုးနှင့် လူအား ကြည့်နေကြမိနေ၏။

ယင်းအခိုက်တွင် ကားတံခါးဖွင့်လိုက်သံ ကြားရလေ၏။ ထိုအခါ လူတို့၏ အကြည့်သည်လည်း ကားထံသို့ ရောက်သွားကြလေ၏။ ကားပေါ်မှ သားသားနားနား ဝတ်စားထားသော လူတစ်ယောက် ဆင်းလာသည်ကို တွေ့ရလေ၏။ ထိုလူသည် သပ်ရပ်စွာ ဖြီးလိမ်းထားသော ဆံပင်၊ အကောင်းစား မျက်မှန်တစ်လက်၊ မီးခိုးရောင် ဥရောပဝတ်စုံ၊ အနက်ရောင် ရှူးဖိနပ်တို့ကို ဝတ်ဆင်ထားလေ၏။ အသက်အားဖြင့်မူ (၃၀) ခန့်သာ ရှိမည်ဖြစ်၏။

ကားပေါ်မှ ဆင်းလာသူသည် ယာဉ်တိုက်မှု ဖြစ်လုဖြစ်ဆဲ အခြေအနေနှင့် ကြုံနေရသော်လည်း ၎င်း၏ မျက်နှာသွင်ပြင်နှင့် အမူအရာတို့မှာ ပြာလောင်ခတ်ခြင်း မရှိပါဘဲ အေးဆေးစွာ ရှိနေလေ၏။ ထိုလူသည် ကားတံခါးအား ဂျိန်းခနဲ ပြန်ပိတ်လိုက်ကာ ကြက်သေသေလျက် ရှိနေသော ညှင်းတိုးတိုးနှင့် လူထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလေ၏။

ဝိုင်းဝန်းကြည့်ရှုနေကြသော လူအုပ်ကြီးမှာ အစပိုင်းတွင် ကားပေါ်မှ ဆင်းလာသူအား ရိုက်မည်၊ နှက်မည်ဟုဆိုကာ အနီးအနားမှ တွေ့ရာလက်နက်များအား ကောက်ယူထားကြသော်လည်း ကားဆရာ လူရွယ်၏ အေးဆေးလှသော အမူအရာနှင့် လူရွယ်၏ ပုံပန်းသဏ္ဍာန်တို့ကို တွေ့ရှိကြသောအခါ မည်သို့မျှ မလုပ်ဝံ့ကြဘဲ ငြိမ်၍သာ နေကြလေ၏။

ကားဆရာ လူရွယ်လည်း ညှင်းတိုးတိုး လူရှေ့သို့ ရောက်သောအခါ ထိုလူ၏ လက်အတွင်းမှ နိုင်ထက်စီးနင်း ရယူထားသော ပိုက်ဆံများအား ယူလိုက်ပြီးနောက် ကလေးလေး၏ ဒန်ဖလားစုတ်လေးအတွင်းသို့ ပြန်၍ ထည့်ပေးလိုက်လေ၏။ ပြီးနောက် ကြက်သေသေလျက် ရှိနေသော ညှင်းတိုးတိုးနှင့် လူအား "ဖြောင်း" ခနဲ ပါးတစ်ချက် ရိုက်လိုက်လေ၏။ ထိုအခါ ညှင်းတိုးတိုးနှင့်လူမှာ "အမလေး … သေပါပြီ၊ သေပါပြီ … ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ" ဟူ၍ ကယောင်ကတန်း ထ၍ အော်လေတော့၏။ ထိုအခါ အံ့သြတကြီး ဝိုင်းဝန်းကြည့်နေကြသော လူအုပ်ကြီးမှာ ညှင်းတိုးတိုးလူ၏ အဖြစ်အား သဘောကျလွန်းသဖြင့် "ဝါး …." ခနဲ ရယ်မောလိုက်ကြလေ၏။

လူအုပ်ကြီး၏ ရယ်သံ ရပ်စဲသွားသောအခါ ကားဆရာလူရွယ်မှာ ညှင်းတိုးတိုးနှင့်လူ၊ ဈေးသည်လင်မယားတို့အား လက်ညှိုးထိုးကာ ပြောလေ၏။

"ခင်ဗျားတို့တွေ အတော်ရိုင်းစိုင်းကြပါလား၊ လူရော ဟုတ်ကြရဲ့လား၊ ဘယ့်နှယ်ဗျာ၊ မရှိလို့တောင်းစားနေရတဲ့ သူတောင်းစားတွေကိုမှ ဝိုင်းပြီး အနိုင်ကျင့်နေကြတယ်၊ အတော်ပဲ စိတ်ဓါတ် အောက်တန်းကျတဲ့ လူတွေပဲ၊ ဒီတစ်ခါတော့ ရှိစေတော့၊ နောက်အခါဆိုရင်တော့ ခင်ဗျားတို့ကို ကားနဲ့အသေတိုက်ပြီး သတ်ပစ်မယ်"

ဟု ဆိုလေ၏။ လူရွယ်၏ စကားသံမှာ ခပ်မှန်မှန်သာ ဖြစ်သော်လည်း အပ်ကျသံကြားရမတတ် ငြိမ်နေသော လူအုပ်ကြီးအား ကျော်လွန်ကာ ဟိန်းထွက်နေ၏။ စွာကျယ်ကျယ် လုပ်ခဲ့သော ဈေးသည်လင်မယားနှင့် ညှင်းတိုးတိုးလူမှာ လောလောလတ်လတ် ဖြစ်ခဲ့သော ပွတ်ကာသီကာ ရင်ခုန်ဖွယ်ရာ ယာဉ်တိုက်မှုကြောင့် လူရွယ်အား ပြန်လည်၍ ပြောဆိုချေပခြင်းငှာ မဝံ့ကြပေ။ လူရွယ်၏ အမူအရာနှင့် စကားမှာ အမှန်ပင် တိုက်၍သတ်မည့်ဟန်တို့ ပါနေလေ၏။

"ခင်ဗျားတို့ကို ပြောခဲ့ရဦးမယ်၊ ကျုပ်နာမည် မောင်မိုးလို့ ခေါ်တယ်၊ အေး .. ဒါပေမယ့် .. ခင်ဗျားတို့လို လူမဆန်တဲ့လူတွေအတွက် ဆိုရင် ကျုပ်ဆိုတဲ့ မောင်မိုးဟာ ဓါးမိုးလှံမိုးတွေ ဖြစ်လိမ့်မယ်၊ အနိုင်ကျင့်ခံရတဲ့ လူတွေအတွက် ဆိုရင်တော့ ကျုပ်ဆိုတဲ့ မောင်မိုးဟာ ဂရုဏာမိုးတွေ ဖြစ်လိမ့်မယ်၊ ဒါမျိုးတွေ နောက်အခါ မဖြစ်ပါစေနှင့်၊ ဒီတစ်ခါတော့ သတိပေးလိုက်မယ်၊ လာကြဗျာ … အကိုကြီးနဲ့ ညီလေး ..၊ ကျုပ်ကားပေါ်တက်ကြ"

ဟူ၍ လူရွယ်လည်း ပြောပြောဆိုဆို ကားတံခါးအား ဖွင့်၍ သူတောင်းစား သားအဖတို့အား တင်ဆောင်ကာ အဆိုပါ နေရာလေးမှ "ဝူး …" ခနဲ မောင်းထွက်သွားလေတော့၏။

++++++++++++++++++++
By - မဟာရာဇာ အံစာတုံး
++++++++++++++++++++